Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 20 February 2009

အန်အယ်လ်ဒီနှင့်စစ်အစိုးရ တွေ့ဆုံဖို့အရေး ခပ်ဝေးဝေး


(သတင်းသုံးသပ်ချက်)
NEJ / ၂၀ ဖေဖော်ဝါရီ ၂၀၀၉


မြန်မာစစ်အစိုးရနှင့် အတိုက်အခံ အန်အယ်လ်ဒီတို့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်မထားဘဲ မြန်မြန်ဆန်ဆန် ဆွေးနွေးကြရန်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌက ယမန်နေ့က တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံဆွေးနွေး အပြီးတွင် အထွေထွေညီလာခံ ဥက္ကဋ္ဌ မီးဂဲလ်ဒက်စကိုတို က ယင်းကဲ့သို့ တောင်းဆိုလိုက် ခြင်းဖြစ်သည်။

မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း တင်ပြခဲ့သည့် အကြံပေးချက်များအရ ခိုင်မာ သည့် ရလဒ်ကောင်းများပေါ်ထွက်အောင် လုပ်သည့်နည်းဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ ဆောင်ရွက်ပေးမှုအား ပူးပေါင်းလုပ်ကိုင်ပါမည်ဆိုသည့် မိမိတို့ကတိကို အကောင်အထည် ဖော်ပြသရန် အခွင့်အရေးကောင်းတခု ဖြစ်သည့်အတွက် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားရန် စစ်အစိုးရအား မစ္စတာဒက်စကိုတိုက ဆက်လက်တိုက်တွန်းထားသည်။

အထွေထွေညီလာခံ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်သည် ယင်းညီလာခံမှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်များမှ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အရ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး လေးစားရေး၊ ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ပေါ်ထွန်းလာအောင် အထွေထွေညီလာခံ၏ အဆက်မပြတ်လုပ်ကိုင်နေမှုကို ထပ်လောင်းအတည်ပြုစေသည်။ ထို့အပြင် မစ္စတာဂမ်ဘာရီ၏ ကြိုးပမ်းအားထုတ်မှုနှင့် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ ဆောင်ရွက်မှုကို အထွေထွေညီလာခံ ဥက္ကဋ္ဌက ဆက်လက်ထောက်ခံနေကြောင်း ထပ်လောင်းပြသခြင်းလည်း ဖြစ်သည်ဟု ဖော်ပြထားသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ၏အခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ ရှင်းလင်းတင်ပြမည်ဖြစ်သည်။

စစ်အစိုးရနှင့် အန်အယ်လ်ဒီတို့ တွေ့ဆုံဆွေးနွေးရန် အထွေထွေညီလာခံဥက္ကဋ္ဌက တောင်းဆို နေသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာယူထားသမျှ ကာလပတ်လုံး တွေ့ဆုံဆွေးနွေး ပွဲဖြစ်ရန် အလားအလာနည်းသည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ခေတ်ပြိုင်သို့ ပြောသည်။

“အခြေအနေကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရှိနေသမျှတော့ တွေ့ဆုံဖို့မလွယ်ဘူး။ နောင်ကျ ရင်တော့ အပြောင်းအလဲတွေ ဖြစ်လာရင်တော့ မြန်မာ့နိုင်ငံရေးလည်း ပြောင်းလဲသွားမယ်လို့ ဒီလိုပဲ ယုံကြည်တယ်။ ဒါတကယ့်အခြေအနေပဲလေ။ သူကတော့ သူ့တသက်ကို အာဏာရှင် အနေနဲ့ နေသွားချင်တယ်လို့ ဒီလိုပဲမြင်တယ်လေ။ အခုအခြေအနေအရကလည်း နေနိုင်တဲ့ အခြေအနေလို့ ကျနော်ကတော့ မြင်တယ်။ ဘာလို့လဲဆိုတော့ ဒီဟာက ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အင်ဒိုနီးရှားဖြစ်ဖြစ်၊ ကိုရီးယားဖြစ်ဖြစ်၊ ဖိလစ်ပိုင်ဖြစ်ဖြစ် အပြောင်းအလဲပေါ်လာတယ်ဆိုတာ က အတွင်းကလူတွေကိုယ်တိုင်က တပ်ဆို တပ်တွင်းကလူတွေကိုယ်တိုင်က ဒီမိုကရေစီကိုလို လားပြီးတော့ ပူးပေါင်းဆောင်ရွက်လာမှသာဖြစ်တာ။ မြန်မာပြည်မှာ အဲဒီလိုအခြေအနေကို အခုထိအောင်တော့ ကျနော်မမြင်သေးဘူး။ အတွင်းမှာ ဘယ်လောက်ဖြစ်နေမယ်ဆိုတာတော့ မသိဘူးပေါ့လေ။ ဒါပေမဲ့ အပေါ်ယံကြည့်ရတာကတော့ နိုင်နိုင်နင်းနင်း အုပ်ချုပ်နေနိုင်တယ်လို့ ဒီလိုပဲမြင်တယ်။ ကုလသမဂ္ဂအနေနဲ့ကလည်း တွေ့ဆုံဆွေးနွေးရေး ဆုံးဖြတ်ပေးထားတာ လည်း အများကြီးပဲ။ နှစ်တွေလည်းအများကြီးပဲ။ ဘာမှမဖြစ်ဘူး။ လုံခြုံရေးကောင်စီကျတော့ လည်း ရုရှနဲ့ တရုတ်ကနေ မြန်မာအစိုးရဖက်ကို အကာအကွယ်ပေးထားတော့ ဘာမှမဖြစ်ဘူး” ဟု သခင်ချန်ထွန်းက သုံးသပ်သည်။

အန်အယ်လ်ဒီဘက်ကမူ စစ်အစိုးရအား တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းသည့် ကြေညာချက် တရပ်ကို ဖေဖော်ဝါရီ (၁၇) ရက်က ထုတ်ပြန်ခဲ့သော်လည်း စစ်အစိုးရဘက်မှ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

အဆိုပါကြေညာချက်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူမနာကိုယ်မနာ လမ်းစဉ်ဖြင့် အလျော့အတင်းလုပ်၍ တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေသော်လည်း စစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးခြင်းမဖြစ်အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည်။

သို့သော် တွေ့ဆုံဆွေးနွေးရေး စတင်နိုင်ရန်အတွက် သင်ပုန်းချေရေးကိစ္စကို စတင်ဆွေးနွေး သင့်သည် ဆိုသည့်မူကို အန်အယ်ဒီက လက်ကိုင်ထားသည့်အတွက် သူမနာကိုယ်မနာ လမ်းစဉ်မှာ သင်ပုန်းချေရေးကို ရည်ရွယ်ပုံရသည်ဟု ရန်ကုန် နိုင်ငံရေးအကဲခတ်အချို့က ယူဆသည်။

ယနေ့ပေါ်ပေါက်နေသော အမျိုးသားရေးပြဿနာများ၏ အဖြေမှာ သင်ပုန်းချေရေးအပေါ် မူတည်နေသည်ဟု အဖွဲ့ချုပ်က ယုံကြည်သည့်အကြောင်း ၂၀၀၄ ဒီဇင်ဘာ (၂) ရက်တွင် ထုတ်ပြန်သည့် အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် သင်ပုန်းချေရေးနှင့် ပတ်သက်၍ အကောင်အထည်ပေါ်လာပါက မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် အခြေအနေများ တိုးတက်လာမည့် လမ်းစပေါ်နိုင်သည်ဟု ယုံကြည်ကြောင်း အဖွဲ့ချုပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေး အဆက်အသွယ် ဖြတ်တောက်ရေး၊ အလုံးစုံပိတ်ဆို့ရေး စသည့် အချက် (၄) ချက်ကို အန်အယ်လ်ဒီဘက်က စွန့်လွှတ်မှသာလျင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် တွေ့ဆုံ မည်ဆိုသည့်အကြောင်း စစ်အစိုးရဘက်က ကြေညာချက်အမှတ် ၁/၂၀၀၇ ဖြင့် ထုတ်ပြန်ထား ပြန်သည်။ တချိန်တည်းမှာပင် နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက အန်အယ်လ်ဒီနှင့် တွေ့ဆုံဆွေးနွေးရန်မလိုကြောင်း ကြိမ်ဖန်များစွာ တရားဝင် ပြောကြားခဲ့ပြီး ဖြစ်သည်။

စစ်အစိုးရဘက်က တောင်းဆိုထားသည့် အချက် (၄) ချက်မှာ အန်အယ်လ်ဒီဘက်မှ ကျူးလွန်ထားခြင်းမရှိသည့် အချက်များကို တောင်းဆိုထားသည့်အတွက် အန်အယ်လ်ဒီနှင့် ဆွေးနွေးပွဲမဖြစ်အောင် စစ်အစိုးရဘက်က တမင်ကြံစည်ထားသည့် နိုင်ငံရေးညစ်ကွက် ဖြစ်သည်ဟု အတိုက်အခံဘက်က ယူဆသည်။

သို့သော် စစ်အစိုးရတောင်းဆိုထားသည့် အချက် (၄) ချက်နှင့် ပတ်သက်သည့် ကိစ္စများ မဖြစ်ပေါ်ရအောင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သဘောတူညီချက်များကို လည်း နှစ်ဖက်ကြေညာချက်ထုတ်ပြန်ရန် အသင့်ရှိကြောင်း ဆက်ဆံရေးဝန်ကြီးမှတဆင့် စစ်အစိုးရအာဏာပိုင်များထံ အသိပေးခဲ့ကြောင်း အန်အယ်လ်ဒီ၏ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြန်သည်။

ထို့ကြောင့် အန်အယ်လ်ဒီနှင့် စစ်အစိုးရ တွေ့ဆုံဆွေးနွေးရေး အခြေအနေသည် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ဒက်စကိုတို တောင်းဆိုထားသကဲ့သို့ အမှန်တကယ်အကောင် အထည်ပေါ်လာမည်လား၊ သို့မဟုတ် ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ယူဆသကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပြောင်းအလဲဖြစ်မှ အဆင်ပြေမည်လား ဆိုသည်မှာ စောင့်ကြည့်ရ မည်ဖြစ်သည်။

သေချာသည့် အချက်မှာ အန်အယ်လ်ဒီအား စွပ်စွဲထားသည့် အချက် (၄) ချက်ကို စစ်အစိုးရ ဘက်က ပြန်လည်မရုတ်သိမ်းသမျှ တွေ့ဆုံဆွေးနွေးရေးမှာ အလှမ်းဝေးနေဦးမည်ဖြစ်သည်။

၀၉ - ၁၀ ပညာသင်နှစ်တွင် အထက်တန်း သင်ရိုးညွှန်းတမ်းများပြောင်းမည်

Yongon.tk

လာမည့် နှစ် ၂၀၀၉ - ၂၀၁၀ ပညာသင်နှစ်တွင် အထက်တန်း သင်ရိုးညွှန်းတမ်းများပြောင်း လဲမည် ဟုအခြေခံ ပညာဦးစီးဌာနက သတင်း ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။ အထက်တန်းအဆင့်ကိုသာ ပြောင်းလဲမည့် သင်ရိုးညွှန်းတမ်းတွင် လက်ရှိဘာသာရပ်များ အပြင် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များကိုပါ ထည့်သွင်းသင်ကြားရမည်ဟုပါရှိသည်။

အခြေခံပညာဦးစီးဌာနက ထည့်သွင်းသင်ကြားမည့် အသက်မွေးဝမ်းကျောင်းဘာသာရပ်များမှာ ယောင်္ကျားကလေးများအတွက် စက်မှုလက်မှုနှင့် သက်ဆိုင်သည့် ဘာသာရပ်များနှင့် မိန်းကလေးများအတွက် မုန့် လုပ်နည်း၊ သိုးမွေးထိုးနှင့် အိမ်တွင်းမှုနှင့် သက်ဆိုင်သောဘာသာရပ်များဖြစ်သည်။

ထိုကဲ့သို့ မကြာခဏ ပြောင်းလဲနေသော ပညာရေးစနစ်ကြောင့် ဆရာ၊ဆရာမများအပြင် ကျောင်းသူ ကျောင်းသားများ ပါဒုက္ခရောက်ရသည်ဟု ကျောင်းသားမိဘ တစ်ဦးကပြောသည်။

ယခုကဲ့သို့ သက်မွေးဝမ်းကျောင်းပညာရပ်များကို ထည့်သွင်းခြင်းသည် မြန်မာနိုင်ငံ၏ ပညာရေးစနစ်နိမ့်ကျနေကြောင်းကို ဖေါ်ပြရာရောက်ကြောင်း အ ထ က (၁)ဒဂုံမှ ဆရာမ တစ်ဦးကပြောသည်။

အဖွဲ့ချုပ်မှ ကြေညာချက်ထုတ်ပြန်

သတင်း - DVB

ကွင်တားနား ဇာဂနာနှင့် မတွေ့ခဲ့ ဟု ကုလပြော

နယူးဒေလီ – မြန်မာပြည်သို့ အလည်အပတ် လာရောက်ခဲ့သော ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူ မစ္စတာ ကွင်တားနားသည် နာမည်ကျော် လူရွှင်တော် ဇာဂနာကို ဗုဒ္ဓဟူးနေ့ ကတွေ့ဆုံခဲ့သည် ဟူသော သတင်းကို Justify Fullရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး က ငြင်းဆိုလိုက်ပါသည်။

ကိုဇာဂနာကို ကုလသံတမန်က ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်တွင် ဗုဒ္ဓဟူးနေ့ ညဦးပိုင်းက တွေ့ဆုံခဲ့သည်ဟု အစောပိုင်းက မြစ်ကြီးနား အကျဉ်းထောင် အရာရှိတဦးနှင့် ကိုဇာဂနာ ၏ဆွေမျိုးတဦးက မဇ္ဈိမကို ပြောကြားခဲ့ပါသည်။

အမည်မဖော်လိုသူ ကိုဇာဂနာ၏ ဆွေမျိုးတဦးက ဤသို့ တွေ့ဆုံခဲ့ကြောင်း မြစ်ကြီးနား အကျဉ်းထောင်ကို စောင့်ကြည့် လေ့လာနေသူ သတင်းရပ်ကွက်တခုက သူ့ကို ပြောကြားခဲ့သည်ဟု ပြောဆိုခဲ့သည်။ သို့သော် ဤသတင်းကို အတည် မပြုနိုင်ကြောင်းလည်း သူမက ဝန်ခံပြောကြားခဲ့သည်။

သို့သော် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက “မစ္စတာကွင်တားနား ကချင်ပြည်နယ်ကို မသွားခဲ့ပါဘူး၊ ကိုဇာဂနာနဲ့လဲ မတွေ့ခဲ့ပါဘူး။ သူက ဗုဒ္ဓဟူးနေ့ နဲ့ ကြာသပတေးနေ့တွေမှာ နေပြည်တော်မှာဘဲ ရှိနေခဲ့တာပါ” ဟု ပြောကြားသွားခဲ့သည်။

မစ္စတာ ကွင်တားနားသည် ကြာသပတေးနေ့တွင် သံတမန်များနှင့် တွေ့ဆုံခဲ့ပြီး၊ တိုင်းပြည်တွင်းမှ မထွက်ခွါခင် ရန်ကုန် မြို့၌ သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပ ပြုလုပ်ခဲ့သည်ဟုလည်း ဦးအေးဝင်းက ပြောသည်။

ကုလသံတမန်ကြီးသည် ၎င်း၏ ခရီးစဉ်အတွင်း အစိုးရ အရာရှိများနှင့် တွေ့ဆုံကာ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့သို့လည်း သွားရောက်မည်ဟု ကုလသမဂ္ဂ၏ အပြောအရ သိရသည်။

သို့သော် ကြာသပတေးနေ့က သူ၏ ခရီးစဉ်ကို အဆုံးသတ်ခဲ့သော သံတမန်ကြီးသည် မြန်မာပြည်မြောက်ပိုင်းရှိ ကချင် ပြည်နယ်နှင့် မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရခိုင်ပြည်နယ်တို့သို့ သွားရောက်နိုင်ခြင်း မရှိခဲ့ပါ။

လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့၏ လှူပ်ရှားမှု


လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးလှုပ်ရှားမှု ထပ်မံပြုလုပ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ကြေညာချက်ဖြစ်သော "ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် တိုင်းသူပြည်သားများက ၀ိုင်းဝန်း ထောက် ခံကြရန်" - ဟူသော တောင်းဆိုချက်ကို ထောက်ခံသောအားဖြင့် လူထုတစ်ရပ်လုံးအတွက် စတေး ခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ လှုပ်ရှားမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ၊ နအဖ အာဏာရှင် များ ၏ ခြိမ်းခြောက်စောင့်ကြည့်မှုအား အလေးမမှုဘဲ နောက်ထပ် လှုပ်ရှားမှုတစ်ရပ်အား ထပ်မံပြုလုပ်ခဲ့ပါသည်။
လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ ထပ်မံလုပ်ဆောင်သော လှုပ်ရှားမှုမှာ ယမန့် နေ့ က မန္တလေးမြို့  ကျူံးပတ်ပတ်လည်လမ်းများတွင် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး တောင်းဆိုတိုက်ပွဲနှင့် ပတ်သက်သော ပို့ စကတ်များနှင့် စာရွက်စာတမ်းများ ထပ်မံဖြန့် ဝေခဲ့ခြင်း ဖြစ်ပါသည်။
လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ထောက်ခံကြေညာချက်၊ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ မှ ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ထောက်ခံကြေညာချက်နှင့်  လူထု တစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ ထုတ်ဝေသည့် "နိုင်ငံရေး အကျဉ်းသားများ အားလုံးချက်ချင်းလွှတ်" ပို့ စကတ်များအား မန္တလေးမြို့  ကျူံးအရှေ့ ဘက်လမ်းများ (ဓါတ်ပုံ - ၁ နှင့်  ၂)၊ မန္တလေးမြို့  ကျူံးမြောက်ဘက်လမ်းများ (ဓါတ်ပုံ - ၃)၊ မန္တလေးမြို့  ကျူံးတောင်ဘက်လမ်းများ (ဓါတ်ပုံ - ၄) နှင့် မန္တလေးမြို့  ကျူံးအနောက်ဘက်လမ်းများ (ဓါတ်ပုံ - ၇) နေရာများတွင် ဖြန့် ဝေခဲ့ပါသည်။ ထို့ အပြင် မန္တလေး ဘူတာကြီးအနီးရှိ ပန်းခြံတစ်ဝိုက် (ဓါတ်ပုံ - ၆) တွင်လည်း အဆိုပါ ပို့ စကတ်များ စာရွက်စာတမ်းများအား အများပြည်သူများ သိရှိစေရန် ဖြန့် ဝေခဲ့ပါသည်။
ထိုကဲ့သို့  လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ ဖြန့် ဝေခဲ့သော ပို့ စကတ်များနှင့် စာရွက်စာတမ်းများအား ဈေးသည်များ၊ လမ်းသွားလမ်းလာပြည်သူများနှင့် ကျူံးပတ်လည်တစ်ဝိုက် စက်ဘီးစီးသူများမှ တွေ့ ရှိကာ ဖတ်ရှူကြပြီး ကျေနပ်အားရ ၀မ်းသာပီတိဖြစ်နေခြင်းအား တွေ့ ရှိရပါသည်။
လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ အဆိုပါ ပို့ စကတ်များနှင့် စာရွက်စာတမ်းများအား ဖြန့် ဝေခဲ့ရုံသာမက လူအများမြင်နိုင်သည့်နေရာများတွင်လည်း ကပ်ခဲ့ကြရာ နအဖလက်ပါးစေ နယ်ထိန်းရဲများနှင့် ရ၀တများမှ လိုက်လံဖြုတ်သိမ်းနေခြင်းအားလည်း တွေ့ ရှိရပါသည်။ လိုက်လံဖတ်ရှူနေသည့်သူများအားလည်း အဆိုပါ ရဲများ ကြံ့ဖွတ်အဖွဲ့ ဝင်များမှ လိုက်လံကြိမ်းမောင်းကာ မောင်းထုတ်လျက် ရှိပါသည်။ အချို့ သောပြည်သူများမှာ မိမိတို့ တွေ့ ရှိသော အဆိုပါ ပို့ စကတ်များနှင့် စာရွက်စာတမ်းများအား တိတ်တဆိတ်ပုန်းဝှက်ကာ သယ်ဆောင်သွားကြပါသည်။
အဆိုပါ လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ နှင့် အခြားသော အာဏာရှင်ဆန့် ကျင်ရေး အင်အားစုများ၏ လှုပ်ရှားမှုများကြောင့် မန္တလေးမြို့  ခရိုင်ရဲမှူးတစ်ဦးမှာ နယ်ထိန်းရဲများအား ဒေါသဖြင့် ထိုးကြိတ်ကာ ဒေါသူပုန်ထနေကြောင်း သိရှိရပါသည်။
လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ အနေဖြင့် နအဖအာဏာရှင်အား ဆက် လက်ဆန့် ကျင်တိုက်ပွဲဝင်သွားမည်ဖြစ်ပါသဖြင့် ပြည်သူလူထုအနေဖြင့် မိမိတို့  တတ် နိုင်သည့် အခန်းကဏ္ဍမှ ပူး ပေါင်းပါဝင် လှုပ်ရှားပေးကြပါရန်ကိုလည်း အထူးတိုက်တွန်း နှိုးဆော် အပ်ပါသည်။

လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ ။