Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 20 January 2009

ပင်လယ်အတွင်းမှ လွတ်မြောက်လာသူနှစ်ဦးနှင့် စကားပြောခြင်း

Sydney Morning Herald
ဇန်န၀ါရီ ၂၀၊ ၂၀၀၉


 သြစတေးလျနိုင်ငံ၊ ရုပ်မြင်သံကြားသတင်းအစီအစဉ်တခုတွင် တွေ့ရသော မြန်မာပြည်သား ငါးဖမ်းလှေလုပ်သား ၂ ဦး။
(ဓာတ်ပုံ-ကေအေ၀ိုင်)

ပင်လယ်အတွင်း ၂၅ ရက်ကြာ မျောပါနေခဲ့သော မြန်မာလူငယ် ၂ဦးက ၎င်းတို့၏ သေကံမရောက် သက်မပျောက်သည့် အတွေ့အကြုံအချို့ကို ရှင်းပြခဲ့သည်။

ထို ၂ ဦးမှာ ကိုကိုဦး (အသက် ၂၂ နှစ်)၊ သောင်းထိုက် (အသက် ၂၄ နှစ်) တို့ ဖြစ်သည်။

ကိုကိုဦးက “ပထမ ဆယ်ရက်က ဘာမှ စားစရာမရှိဘူး” ဟု Thursday Island ဆေးရုံတွင်ရှိနေစဉ် စကားပြန်မှတဆင့် ရှင်းပြသည်။ “နောက်တော့ ပင်လယ်ငှက် အကြီးကြီး ၂ကောင် ရောက်လာပြီး ငါးအသေးလေးတွေကို အန်ထုတ်တယ်။ ၇ ကောင် ၈ ကောင်လောက်ရှိမယ်။ စားခဲ့ရတာ အဲဒါတွေပဲ။” ဟု ဆိုသည်။

ရေခဲကန်ထဲမှ ငါးများကို စားသုံးပြီး ရှင်သန်ခဲ့ရသည်ဟု အများက ယူဆထားခဲ့ခြင်းဖြစ်သည်။ ဆေးရုံမှ ယနေ့ ညနေ ၃ နာရီတွင် ဆင်းလာသော ၎င်းတို့နှစ်ဦးကို လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိများထံသို့ အပ်နှံလိုက်သည်ဟု ဆိုသည်။ အာဏာပိုင်တို့ ၎င်းတို့ကို Horn Island ရှိ ဟိုတယ်တခုတွင် စစ်ဆေးမေးမြန်းနေသည်ဟု ဆိုသည်။

၎င်းတို့အား ပင်လယ်တွင်းမှ ကယ်ဆယ်ခဲ့သူများက ၎င်းတို့သည် အမှန်တကယ် လှေမှောက်ပြီး ဒုက္ခရောက်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း ဒေသခံအချို့က ၎င်းတို့ကို သံသယ ရှိနေကြသည်။

ကိုကိုဦးက ထိုင်းငါးဖမ်းလှေတွင် သြဂုတ်လမှစပြီး အလုပ်ဝင်ခဲ့သည်ဟု ဆိုသည်။ “မင်း ဒီမှာ မလုပ်ဘူးဆိုရင် မင်းကို သတ်ပစ်မယ်၊ သေနတ်နဲ့ပစ်မယ်” ဟု ခြိမ်းခြောက်ခံခဲ့ရသည်ဟု ဆိုသည်။

ငါးဖမ်းလှေသည် လှိုင်းဒဏ်ကြောင့် ပျက်စီး နစ်မြှုပ်ခဲ့ရကြောင်း ရှင်းပြသည်။

ပေါက်သွားသည့် လှေဝမ်းကို ဖာထေးရန် ကြိုးပမ်းခဲ့ကြသေးသည်ဟု ဆိုသည်။ “လှိုင်းက သိပ်ကြီးတယ်။ လှေက ကွဲသွားတော့တာပဲ။ လူတိုင်း ကြောက်နေကြတယ်။ ရေထဲ ခုန်ချကြတာပဲ” ဟု ဆိုသည်။

ကိုကိုဦးက ရေခဲသေတ္တာကြီးကို လှေပေါ်မှ တွန်းချပြီး လိုက်ပါခဲ့သည်ဟု ဆိုသည်။ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကို ခေါ်ယူခဲ့သော်လည်း ရေလှိုင်းများကြောင့် လူစုကွဲသွားသည်ဟု ပြောပြသည်။

တော့ရက်စ် ပင်လယ်အော် ကို အံတုခဲ့ တဲ့  မြန်မာနိုင်ငံသား နှစ်ဦး

တော့ရက်စ် ပင်လယ်အော် ရေလက်ကြား မှာရေခဲပုံးထဲမှာမျော်ပါလာတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်
ဇန္န၀ါရီလ ၁ရ ရက်နေ့ က တွေ့ရစဉ် ( ပုံ- သြစတေးလီးယား အကောက်အခွန်ဌာန)

-၀င်းအောင်-
ကင်ဘာရာ၊ သြစတေးလီးယား

သြစတေးလီးယားနိုင်ငံပိုင်ပင်လယ်ထဲမှာ ရေခဲပုံးထဲမှာ မျော်ပါနေတဲ့ မြန်မာနိုင်ငံသား ငါးဖမ်းသမား ၂ဦးကို သြစတေးလီးယား အာဏာပိုင်တွေက တွေ့ရှိ ပြီး ကယ်ဆယ်ခဲ့ရတယ်လို့ အင်္ဂါနေ့က ပြောဆိုခဲ့ပါတယ်။ သူတို့ဟာ ၁၈ ယောက် စီးလာတဲ့ သူတို့ ငါးဖမ်းသင်္ဘောလှေ နစ်မြုပ်သွားပြီးနောက် ပင်လယ်ထဲမှာ ၂၅ ရက်ကြာမျော်နေခဲ့ကြတာ ဖြစ်ပါတယ်။

ကယ်ဆယ်ခံခဲ့ကြရတဲ့ သူ ၂ ဦးဟာ အသက် ၂၂ နှစ် နဲ့ ၂၄ နှစ် ရှိ မြန်မာနိုင်ငံသား တွေဖြစ်ကြပြီး၊ သူတို့ ကို ရဟတ်ယာဉ် ဖြင့် တော့ရက်စ် ရေလက်ကြား ( Torres Strait )ကနေ ကယ်ဆယ်ခဲ့ကြပြီး၊ ကွင်းလန်းပြည်နယ် (Queensland state) ကမ်းခြေရှိ ဆေးရုံတရုံသို့ သယ်ဆောင်လာခဲ့ကြတယ်လို့ သြစတေးလီးယား ကမ်းခြေစောင့် လုံခြုံရေးအဖွဲ့ တာဝန်ရှိသူ အမျိုးသမီး ထရေစီဂျဂင်စ်က အတည်ပြုပြောကြားခဲ့ပါတယ်။

သူတို့ဟာ ပင်လယ်ထဲမှာ ခါးလောက်မြင့်တဲ့ ပန်းရောင် ရေခဲပုံးထဲမှာ လှိုင်းနဲ့အတူမျော်ပါနေတာကို ကမ်းခြေ ရဟတ်ယာဉ်တွေနဲ့ ထိမ်းသိမ်း စောင့်ရှောက်နေကြတဲ့ နယ်စပ် အကောက်အခွန်တာဝန်ရှိ အမှုထမ်းတွေက တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သူတို့ပြောပြချက်အရ ပေ ၃၀ သစ်သားနဲ့ပြုလုပ်ထားတဲ့ ငါးဖမ်းလှေဟာ ဒီဇင်ဘာ ၂၃ ရက်နေ့က နစ်မြုပ်ခဲ့ပြီး၊ လှေထဲမှာ စုစုပေါင်း ငါးဖမ်း သင်္ဘောသား ယောက် ၂၀ ပါလာခဲ့ကြတယ်။ သူတို့ဟာ မြန်မာနဲ့ ထိုင်းနိုင်ငံ ကဖြစ်ကြတယ်။ သူတို့ဟာ ပေါလောပေါ်နိုင်တဲ့ ရေခဲပုံးနဲ့အတူ မျော်ပါလာ ခဲ့ကြတယ်။ သူတို့ မျောနေတဲ့အချိန်မှာ ဘာတွေ စားသောက်ခဲ့ကြတယ်ဆိုတာ မသိခဲ့ရသေးပါဘူလို့ သြစတေးလီးယား ကမ်းခြေလုံခြုံရေးအဖွဲ့ တာဝန်ရှိသူ အမျိုးသမီး ထရေစီဂျဂင်စ်က ဆိုတယ်။

သူတို့ကို ကယ်ဆယ်ခဲ့တဲ့ လေယာဉ်မှူးတဦးကတော့ သူတို့ဟာ ရဟတ်ယာဥိပေါ်မှာ ဂါလံဝက်လောက်ရှိတဲ့ ရေ ကို ၄ စက္ကန့်အတွင်း ကုန်အောင်သောက်ခဲ့ကြတယ်လို့ ဆဲဗင်းရုပ်မြင်သံကြားနဲ့တွေ့ဆုံဆွေးနွေးခန်းမှာ သတင်းထောက်တွေကို ပြောကြားသွားတယ်။ သူတို့ရဲ့ ကျမ်းမာရေးကို ကုသပေးနေတဲ့ ဆေးရုံက ဆရာဝန် ဒေါက်တာ သြစကာ ၀ိုက်ဟတ်ဒ် က အစားအစာနဲ့ ရေ ပြတ်လက်ခဲ့တာကြောင့် မောပန်းနွမ်းနယ်တာက လွှဲလို့ ကျမ်းမာရေးအခြေအနေဟာ တနေ့ထက်တနေ့ ကောင်းမွန်နေပါတယ်လို့ဆိုတယ်။

သြစတေးလီးယား လူဝင်မှုကြီးကြပ်ရေးဌာနက အကြီးအကဲ ဆန်ဒီလိုဂန်ကတော့ သူတို့ကို ကမ်းခြေရှိ သြစတေးလီးယား လူဝင်မှုကြီးကြပ်ရေးဌာနကစောင့်ကြည့်နေတဲ့ တည်းခိုခန်းမှာ ထိမ်းသိမ်းစောင့်ရှောက် ထားပြီး၊ သူတို့ရဲ့ မွေးရပ်ဇာတိနဲ့ သက်သေခံ ကပ်ပြားတွေနဲ့ ပက်သက်တဲ့ မေးခွန်းတွေကို မေးမြန်းစုံစမ်းမှု တွေပြူလုပ်နေပါတယ်။ ဒါပေမဲ့လည်း သူတို့ ၂ ယောက် စလုံးမှာ သက်သေခံကပ်ပြားတွေ မရှိကြဘူး လို့ပြော ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဌာနက အကြီးအကဲ ဆန်ဒီလိုဂန်ကတော့ သူတို့ကို ဘယ်လောက်ကြာကြာ ထိမ်းသိမ်းစောင့်ရှောက်ထားမယ်ဆိုတာကိုတော့ သူမ မသိရှိပါဘူးလို့ ပြောပါတယ်။

ကင်ဘာရာ ရှိ မြန်မာသံရုံးကတော့ ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာ ဆက်သွယ်မှု မှ မပြုလုပ်သလို၊ ဘာတခုမှ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းမရှိဘူလို့ ဆိုတယ်။

သြစတေးလီးယား တာဝန်ရှိသူတွေကတော့ သူတို့ စီးလာတဲ့ ငါးဖမ်းလှေ ဘာကြောင့်နစ်မြုပ်ခဲ့ တယ်ဆိုတာ အတိအကျ မသိရပေမဲ့ ၊ သင်္ဘောဟာ ရေအောက် မနစ် မြုပ်ခင် ၊ အချိန်တောတော ကြာအောင် ပေါ်နေခဲ့တယ်လို့ဆိုတယ်။ သူတို့ ၂ ဦး အဆိုအရ နစ်မြုပ်စဉ် ကျန်တဲ့သူတွေဆီမှာ ရေခဲပုံးလို ပေါ်စေနိုင် အရာ (သို့ ) ဘာ အသက်ကယ် ပစ္စည်းမှ မရှိခဲ့ကြဘူးလို့ပြောဆိုခဲ့တာကြောင့် ကျန်တဲ့သူတွေ အတွက် တော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တယ်။ ရေခဲပုံးလို ပေါ်စေနိုင် အရာ (သို့ ) အသက်ကယ် ပစ္စည်း မရှိဘဲ၊ ဘယ်သူမှ ပင်လယ်ထဲမှာ ၂၅ ရက်ကြာ အသက်ရှင်နေနိုင်မှာမဟုတ်ဘူးလို့ သြစတေးလီးယား တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပါသည်။

သြစတေးလီးယား ရောက် မြန်မာများ အနေနဲ့ ဒုက္ခရောက်လာကြတဲ့ သူတို့ ၂ ယောက်ကို အားပေးမှုတွေ၊ လိုအပ်တဲ့ အကူအညီတွေကို ပေးနိုင်ကြဘို့ ကျနော်တို့ အသိပေးအပ်ပါတယ်။

ကိုမိုးသီး blog မှ ကူးယူတင်ပြသည်